Wednesday, December 16, 2009

Repost: တစ်ခါက အချစ်ဆုံးသို့



It's one of the very few I ever wrote. Normally, I have bunch of sketches but never came out as a full fiction. I wrote this especially to post www.myhome16.blogspot.com on December 17, 2008 which is exactly a year ago.


The feelings are still there even if this is a repost.
Hope you can enjoy. :)


တစ်ခါက အချစ်ဆုံးသို့


ရှင့်ကို ကျမချစ်ခဲ့တာ မှားပြီလို့ သိလိုက်ရတဲ့ အချိန်တုန်းက တော်တော် နောက်မကျသေးပါဘူး။ ဒါပေမဲ့ ကျမဇွတ်တိုးခဲ့တယ်။ ၀တ္တုတွေထဲမှာလို အရာအားလုံးကို ချစ်ခြင်းအားဖြင့် ပြောင်းလဲနိုင်မယ်လို့ ကျမယုံကြည်ခဲ့တယ်။ ရှင်လဲ အဲဒီလိုပဲ ယုံကြည်ခဲ့မှာပါလေ။ ဒါပေမဲ့ လက်တွေ့ဘ၀ဆိုတာ ချစ်ခြင်းအားဖြင့် မပြောင်းလဲနိုင်ခဲ့ဘူးလေး။ အဓိကအားဖြင့်တော့ ကိုယ့်ရဲ့ ယုံကြည်မှုလက်ကိုင်တရားတွေ၊ သူငယ်ချင်း၊ မောင်နှမနဲ့ မိဘဖိအားတွေဟာ မျှင်မျှင်လေးပဲ ရှိတဲ့ ရှင်နဲ့ ကျမရဲ့ ချစ်ခြင်းတရားတွေကို အေးအေးဆေးဆေးပဲ တိကနဲ ဖြတ်သွားခဲ့ပြီလေ။ နောက်ဆုံးရလာဒ်ကတော့ ကျမရဲ့ နေ့စဉ်ဘ၀ထဲမှာ ရှင်ဆိုတဲ့ နေရာတစ်ခု ကွက်လပ်အဖြစ်နဲ့ ကျန်ရစ်ခဲ့တာပေါ့။ တန်ခိုးဆိုတာရှိရင် ရှင်ဘယ်လိုတွေးခဲ့မယ်ဆိုတာကို ကျမလေ ရှင့်ရင်ဘတ်ထဲ ၀င်ကြည့်ချင်မိပါရဲ့။

ကောလိပ်စဖွင့်တဲ့  ကြာသာပတေးနေ့မှာပဲ့ ကျမ စာကြည့်တိုက်ထဲဝင်လာတုန်း lab report ထိုင်ရေးနေတဲ့ ရှင်က တစ်ချက်ပြုံးပြခဲ့တယ်။ ကျမအဲဒီအပြုံးကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ အားလုံးရဲ့ အစဟာ ဒီအပြုံးတစ်ချက်ကြောင့်လို့ ပြောရင် ရှင်လဲ ငြင်းဆန်နိုင်မှာ မဟုတ်ဘူးလေ။ ရိုးရိုးရှင်းရှင်းပဲ တခြားသူငယ်ချင်းတွေနဲ့ အတူ ကျမတို့ နှစ်ယောက် စာတူတူထိုင်ဖတ်ခဲ့ကြတယ်။ ဒီသူငယ်ချင်းခြောက်ယောက်ဟာ ကျမရဲ့ ကောလိပ်သမိုင်းမှာ ဖျောက်ဖျက်ပစ်လို့ မရတဲ့ အမှတ်တရတွေပါ။

ကျမတို့ ခြောက်ယောက် ရိုးရှင်းစွာ အတွဲညီခဲ့ ကျတယ်။ အဲဒီတုန်းတဲက ရှင်ကျမကို စိတ်ဝင်စားခဲ့တယ်ဆိုတာ အခုမှ ကျောင်းကို ရောက်လာတဲ့ SATက လွဲလို့ အမေရိကန် cultureကို ဘာမှ မသိတဲ့ ကျောင်းသူတစ်ယောက်အနေနဲ့ ကျမ ဘယ်လိုလုပ်သိခဲ့ရမှာလဲ ရှင်ရယ်။ ကျမ ရိုးသားစွာပဲ အရမ်းခင်ဖို့ကောင်းပြီး ကူညီတတ်တဲ့ အစ်ကိုတစ်ယောက်လို့ သတ်မှတ်ခဲ့တယ်။ ကျမတို့ ခြောက်ယောက် ပျော်ရွှင်စရာအချိန်တွေကို ဖြတ်သန်းခဲ့တယ်။ 

ဒီကြားထဲမှာတော့ ကျမသိလိုက်ရတာက ကျမက လွဲလို့ ကျန်တဲ့ ငါးယောက်လုံး ခရစ်ယာန်တွေဆိုတာပါပဲ။  အပေါ်ယံမှာ ဘာသာရေးကိုင်းရှိုင်းတဲ့ ဗုဒ္ဒဘာသာတစ်ယောက်လို့ မထင်ရက်စရာဖြစ်တဲ့ ကျမကို သူတို့ ဘာသာရေးယုံကြည်လာဖို့ သွတ်သွင်းခဲ့တာလေ။ ဒါပေမဲ့ ကျမနဲ့ စကားတွေ အမြဲပြောနေတဲ့ ရှင်က ကျမအကြောင်းတွေ ယုံကြည်မှုတွေကို သိနေခဲ့တယ်။ ရှင်ကိုယ်တိုင်တောင် တောင်အာဖရိကမှာ နှစ်နှစ်တိတိ သာသနာပြုထားတဲ့ ခရစ်ယာန်တစ်ယောက်ဖြစ်ရဲ့သားနဲ့ ကျမကို ကာကွယ်ပေးခဲ့တယ်။ “ကိုယ်ယုံကြည်ရာကိုသာ ယုံကြည်ပါ။ ဘာသာရေးကြောင့် ငါတို့ ကွဲသွားစရာ အကြောင်းမရှိဘူး” လို့ ပြောခဲ့တာ ဘယ်သူလဲဆိုတာ ကျမအခု မေ့ချင်နေပြီ။

ရှင်ဟာ ကျမရဲ့ အချစ်ဆုံး သူငယ်ချင်း၊ အားကိုးအရဆုံးအစ်ကိုတစ်ယောက်။
ကျောင်းတက်စ ပထမနှစ်ရဲ့ အမှောင်မိုက်ဆုံးအချိန်တွေမှာ ရှင်ရှိနေခဲ့တယ်။ ကျမဆိုးသမျှ ရှင်ခံခဲ့တယ်။ ကိုယ့်အတန်းကို ဖျက်ပြီး ကျမရဲ့ အိမ်စာတွေကို ကူလုပ်ပေးခဲ့တယ်။ စာမေးပွဲခန်းထဲမှာ ကျမရဲ့ ရိုးရိုး calculatorနဲ့ ရှင့်ရဲ့ graphing calculatorကို ရှင်လဲပေးခဲ့တယ်။ ကျမတို့ရဲ့ များပြားလှတဲ့ text တွေကို ရှင်မေ့နိုင်ပ့ါမလား။ နာမည်ကြီး rock band တစ်ခု ကျမတို့ မြို့မှာ လာဆိုမယ်ဆိုတော့ ရှင်ပိုက်ဆံနှစ်ရာကျော် အကုန်ခံပြီး ကျမ သွားချင်လွန်းတာကို လိုက်ပို့ပေးခဲ့တယ်။ ကော်ဖီဆို အနံ့တောင် မကြိုက်တဲ့ရှင် Starbucks မှာ ကျမနဲ့ စာတူတူ လိုက်ဖတ်ခဲ့တယ်။

နောက် semester မှာ ကျမ ကြက်တောင်ရိုက်လို့ အတန်းချိန်ပြောင်းတော့ သုံးနာရီများတောင် အလယ်မှာ လပ်နေတာကို မညီးမညူ ကျမနဲ့တူတူ အတန်းလိုက်တက်ခဲ့တယ်။ ပထမနှစ်တစ်နှစ်လုံး ရှင်ကျမအတွက် ရှိနေပေးခဲ့ပြီး ကျမကို ဘာမှ ဖွင့်မပြောပဲ နေနိုင်တာကို အံ့သြမိပါရဲ့။ နောက်မှ ရှင့်အခန်းဖော်ဆီက ဘာသာရေးအယူအဆတွေကြောင့် ရှင်ဖွင့်မပြောခဲ့တာပါလို့ သိလိုက်ရတဲ့ အချိန်မှာတော့ ကျမရှင့်ကို ချစ်မိနေပါပြီ။

ကျောင်းကြီးပိတ်လို့ နွေရောက်တော့ ရှင်တခြားနယ်မှာ အလုပ်သွားလုပ်တော့လဲ ကျမတို့ နှစ်ယောက် အခင်အမင်မပျက် text တွေ ရိုက်ခဲ့ကြတယ်လေ။ ကျမ ရှင့်အလုပ်အကြောင်းတွေကို နားထောင်ရတာမက်မောသလို ကျမရဲ့ သုတေသနlabထဲက အကြောင်းတွေကလဲ ရှင့်အတွက် မပျင်းစေရဘူးပေါ့။ ဒါပေမဲ့ ကျမ တစ်ယောက်သောသူကို ရှာတွေ့ခဲ့တယ်။ ကျမနဲ့ မေဂျာတူ အတန်းတူ senior တစ်ယောက်ကို ခရီးတစ်ခုအတူတူသွားရင်းနဲ့က တွေ့ခဲ့တယ်။ သူလဲ ရည်းစားမရှိ၊ ကျမလဲ single။ ဒီတော့လဲ...။

ဒုတိယနှစ်ကျောင်းပြန်ဖွင့်တော့ ကျမတို့ နှစ်ယောက် အင်္ဂါနေ့တိုင်း ထမင်းတူတူစားခဲ့တယ်။ ဒါပေမဲ့ တစ်ခုသော အင်္ဂါနေ့မှာတော့ သူ့ကို ရှင်နဲ့ မိတ်ဆက်ပေးဖို့ ခေါ်လာခဲ့တယ်။ အဲဒီနေ့ကိုတော့ ကျမ မေ့လို့ရမှာ မဟုတ်ဘူး။ ကိုယ့်ရဲ့ လက်ရှိရည်းစားကို အရမ်းခင်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ပေးတွေ့တာ သမားရိုးကျ ဖြစ်စဉ်တစ်ခုလေ။ ခင်တတ်တဲ့ ရှင်ဟာ စကားဟ,ဟတောင် မပြောခဲ့ဘူးလေ။

အောက်တိုဘာတစ်ရက်နေ့, ရှင်မွေးနေ့မှာ ကျမတစ်ယောက်ထဲကိုပဲ ဖိတ်ခဲ့တယ်ဆိုတာ ကျမ မသိရရိုးအမှန်ပါ။ ရှင်ကျမကို ဖွင့်ပြောခဲ့တယ်။ ပထမတော့ ကျမနောက်နေတယ် ထင်လို့ ပျက်ရယ်ပြုခဲ့တယ်လေ။ “ငါ မင်းရဲ့ ချစ်သူတစ်ယောက်ဖြစ်ဖို့ အရည်အချင်းမရှိဘူးလား”လို့ မေးလိုက်တဲ့ အခိုက်အတန့်မှတော့ ကျမရဲ့ နှလုံးသွေးတွေ ရပ်တန့်သွားပြီ။ ကျမ ဦးနှောက်ရဲ့ ဆုံးဖြတ်ချက်မပါပဲ အခိုက်အတန့်လေးမှာတင် ခေါင်းညိတ်မိခဲ့တယ်။ အံ့သြတုန်လှုပ်နေတဲ့ ကျမရယ်၊ ဟင်းပန်းကန်တွေရယ်၊ ဖယောင်းတိုင်မီးထွန်းထားတဲ့ cupcake သေးသေးလေးရယ်ရှေ့မှာ ရှင်ကတော့ တည်တည်ငြိမ်ငြိမ်ပဲ ကျမကို ရည်းစားနဲ့ အဆုံးသတ်ဖို့ တိုက်တွန်းခဲ့တယ်။

ကျမဟာ လူသေတစ်ယောက်လိုပဲ သွေးအေးအေးနဲ့ပဲ ရည်းစားကို ဖြတ်ခဲ့တယ်။ ဆေးမိထားတဲ့ ဆယ်ကျော်သက်တစ်ယောက်လိုပဲ ရှင့်ကို လက်ခံမိခဲ့ပါတယ်။ ကျမ ရှင်နဲ့ ရှိနေတဲ့ အချိန်တွေတိုင်းကို တန်ဖိုးမဖြတ်နိုင်ခဲ့ဘူး။ ရှင့်ရဲ့ ရင်ခွင်ထဲမှာပဲ တစ်ချိန်လုံးနေချင်မိခဲ့တယ်။ နှစ်ယောက်လုံးကျောင်းစာတွေ အလုပ်တွေနဲ့ ပိနေတာတောင် အချိန်ပေးနိုင်ခဲ့တယ်လေ။ ကျမလေ သောကြာနဲ့ စနေနေ့တွေကိုပဲ တစ်ပတ်လုံးတမ်းတနေမိတယ်။ တနင်္ဂနွေတိုင်းကျရင်တော့ ကျမတစ်ယောက်ထဲပဲ ကျိတ်ပြီး နောက်တစ်ပါတ်သောကြာကို မက်မောမိခဲ့တယ်။ ရှင်ကတော့ ရှင့်ဘုရားကျောင်းမှာ တနေကုန်ကျမကို မေ့နေမှာပါ။

ကျမ Thanksgiving တိုင်းကို မုန်းမိနေမှာ အမှန်ပါ။ အဲဒီနေ့ဟာ ကျမအိမ်မက်က နိုးလာတဲ့နေ့ပေါ့။ Thanksgiving မတိုင်ခင် ရှင့်အိမ်က မိသားစုနဲ့ တွေ့ဖို့ ကျမကို ဖိတ်ခဲ့တယ်။ အံ့သြခြင်းတွေနဲ့ အတူ ကျမကြောက်လန့်ခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပဲ ဒါဘာအဆင့်လဲလို့ မေးခဲ့တယ်။ “နောင်အတွက် လက်တွဲဖို့ ရည်ရွယ်ထားတဲ့ မိန်းကလေးတစ်ယောက်ကို မိဘနဲ့ ပေးတွေ့ချင်တာ။”  ကျမတို့ နှစ်ယောက်စကားတွေ အများကြီးပြောခဲ့တယ်လေ။ ဘုရားကျောင်းမှာ လက်ထပ်မှ အိမ်ထောင်ကျတယ်လို့ ယုံကြည်တဲ့ ရှင်နဲ့ ခရစ်ယာန်ဆို ဘာသာပြောင်းဖို့ အိမ်မက်တောင် မမက်တဲ့ ကျမတို့ နှစ်ယောက်ကြားမှာ တင်းမာခဲ့ကြတယ်။

လွန်ခဲ့တဲ့တစ်နှစ်က မင်းယုံကြည်ရာကို ယုံကြည်ပါဆိုတဲ့ စကားတစ်ခွန်းကြောင့် ကျမရှင့်ကို
လွတ်လွတ်လပ်လပ်ချစ်ခဲ့တယ်။ အဲဒီနေ့ကတော့ ရှင့်အိမ်ကိုလိုက်လည်ဖို့ ကျမ "အဆင်သင့် မဖြစ်သေးဘူး"ဆိုတဲ့ စကားတစ်ခွန်းနဲ့ ကျမတို့ အဆုံးသတ်ခဲ့ကြတယ်။ ရှင်ဟာ သွေးအေးတဲ့ လူသားတစ်ယောက်လား။ ရှင်ကျမကို တိကနဲပဲ အဆက်အသွယ်ဖြတ်ခဲ့တယ်။ နေနိုင်ရက်သူရယ်။ ကျမကတော့လေ နေ့စဉ်ဘ၀မှာ ရှင်တစ်ယောက်မရှိတော့ ဟာကွက်ကျန်ခဲ့တယ်။ ရှင်ကျမကို ဖုန်းမခေါ်ဘဲ မတွေ့ဘဲ နေနိုင်ရက်တယ်နော်။ ဘာသာတရားဆိုတာ ဘ၀မှာ ကြီးစိုးတာ အမှန်ပါ။ ဒါပေမဲ့ ဒီလောက်တောင်ပဲလား…….

အိပ်မရတဲ့ ညတွေ၊ ကျခဲ့ရတဲ့ မျက်ရည်တွေ၊ စုတ်ပြတ်သတ်နေတဲ့ စာမေးပွဲအမှတ်တွေကြားမှာ ကျမ အခန်းဖော်တွေ ကျမ သတ်သေသွားမှာစိုးလို့ တစ်နာရီတစ်ခါ လာစောင့်ကြည့်နေခဲ့ကြတယ်။ မျက်နှာကျက်ကို ပက်လက်လန်ပြီး အတိုင်းသား ကြည့်နေတဲ့ ကျမကို ရူးသွားပြီလို့ ထင်မှတ်ခဲ့ကျတယ်။

ကျမနေနိုင်သွားပါပြီ။ ရှင်ဆိုတာ ကျမရဲ့ ပုံရိပ်တစ်ခုပါ။ ရှင့်နာမည်ကို ကြားလိုက်တိုင်း ကျမနှလုံးသားထဲ တဆစ်ဆစ်နာကျင်နေဆဲပါ။ ဒါပေမဲ့ ကျမ ရှင့်ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်အဖြစ် ရပ်တည်သွားဖို့ ကျမဆုံးဖြတ်လိုက်ပါပြီ။ ရှင်နဲ့ ဘာသာတူမိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ပွဲမှာ ရှင်ဝယ်ပေးခဲ့တဲ့ ၀တ်စုံလှလှလေးဝတ်ပြီး ပွဲတက်နိုင်ဖို့ ကျမလေ, ကျမ အတတ်နိုင်ဆုံး ကြိုးစားသွားမယ်ဆိုတာ ရှင်သိစေချင်ပါတယ်။

Sketch တစ်ချို့မှ
ပေဖူးလွှာ

No comments:

Post a Comment